ဂျွန်ညီလေးဘလော့ဂ်ကိုလာရောက်ဖတ်ရှုသွားကြတဲ့  စာဖတ်ပရိသတ်များ အားလုံးကျန်းမာရွှင်လန်းနိုင်ကြပါစေ။

Tuesday, January 12, 2010

ကမ္ဘာကျော်ပန်းချီကားထဲမှ မိုနာလီဇာသည် ကိုလက်စထရောများနေသည်ဟုဆို

ကမ္ဘာကျော် မိုနာလီဇာပန်းချီကားထဲမှ မိုနာလီဆာ၏ ပဟေဋိဆန်သောအပြုံးက ကိုလက်စရောပမာဏမြင့်မားမှုကြောင့်ဖြစ်နိုင်သည်ဟု ဆန်းစစ်တွေ့ ရှိချက်တစ်ခုကဆိုပါသည်။အနုပညာချစ်သူများအတွက် သူမ၏ ပဟေဋိဆန်သည့်အပြုံးကတွေဝေမင်သက်စေမည်ဖြစ်သော်လည်းသူမ၏အပြုံးသည် သူမမျက်လုံးတစ်ဝိုက် Fatty acid များစုဝေးမှုကြောင့်ဖြစ်ပြီး စိုးရိမ်စရာကောင်းသည့် ကိုလက်စ်ထရောပမာဏဖြစ်သည်ဟု အီတလီဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တစ်ဦးကပြောကြားသည်။
ပါလာမိုတက္ကသိုလ်ရောဂါဗေဒဌာနမှ ပါမောက္ခတိုဖရန်ကိုသည် ကမ္ဘာကျော်ပန်းချီကားလက်ရာများထဲမှ လူများ၏ရုပ်ပုံ
များကိုကြည့်ကာရောဂါအမျိုးအစားကိုရှာဖွေဖော်ထုတ်နေသူတစ်ဦးဖြစ်သည်။အချို့ သောဇာတ်ကောင်များတွင်အရိုးများပုံပျက်ယွင်းခြင်းနှင့်ကျောက်ကပ်
ကျောက်တည်ခြင်းအပါအ၀င်မြင်သာသည့် ရောဂါလက္ခဏာများရှိကြောင်းယင်းကပြောကြားသည်။မိုနာလီဇာ၏လက်ဝဲဘက်မျက်လုံးရှိအရေပြားအောက်
တွင် ကိုလက်စ်ထရောများစုဝေးနေသည့်လက္ခဏာကို တွေ့ ရသည့်အပြင်လက်တစ်ဖက်တွင်လည်း အဆီအိတစ်ခုတွေ့ ရကြောင်း ယင်းကပြောကြားသည်။ယင်း၏ခွဲခြမ်းစိတ်ဖြာမှု ၁၀၀ အနက်ရှေးဂရိယဉ်ကျေးမှုကိုပြန်လည်ဖော်ထုတ်သည့်ထင်ရှားသော အနုပညာလက်ရာ ၂ခုတွင် ရှားပါးသည့် Marfan syndrome ရောဂါလက္ခဏာကိုတွေ့ ရကြောင်းဖော်ထုတ်သိရှိခဲ့သည်။ထိုရောဂါလက္ခဏာမျိုးသည် အိုစမာဘင်လာဒင်မှာလည်း ဖြစ်ပွားဖွယ်ရှိသည်ဟုဆိုသည်။ထိုပန်းချီကားထဲရှိဇာတ်ကောင် ၂ဦးစလုံးတွင် ထူးဆန်းစွာရှည်လျားသည့် လက်ချောင်းများနှင့်သေးသွယ်သည့်လက်
ချောင်းများရှိပြီးယင်းသည် မျိုးဗီဇမူမမှန်သည့် Marfan Syndrome ဖြစ်ကာ ဆက်စပ်တစ်သျှူးများကို ထိခိုက်စေနိုင်သည်ဟုသိရသည်။

Velazque ၏လက်ရာကောင်းဖြစ်သည့် Las meninas ပန်းချီကားမှ ဇာတ်ကောင်သည်လည်း လည်ပင်းကြီးရောဂါ
ခံစားခဲ့ရဖွယ်ရှိကြောင်း ပါမောက္ခဗီတိုဖရန်ကို၏ လေ့လာချက်အရသိရသည်၏ Raphel ၏ The Sehool of Athens ပန်းချီကားထဲတွင် မိုက်ကယ်အိန်
ဂျလိုကိုအနီးကပ်မြင်ကွင်းဖြင့်ရေးဆွဲထားရာထိုဇာတ်ကောင်သည် ကျောက်ကပ်ကျောက်တည်မှုကြောင့် ဒူးခေါင်းရောင်နေပုံရကြောင်း ၊ယင်းမှာ မိုက်
ကယ်အိန်ဂျလိုသည် Sistine ဘုရားကျောင်းကိုဆေးချယ်နေစဉ်ပေါင်မုန်နှင့်ဝိုင်ကိုသာစားသုံးကာအလုပ်လုပ်ခဲ့သည့်ရလဒ်ကြောင့်ကျောက်ကပ်ကျောက်
တည်ခြင်းဖြစ်ကြောင်း မစ္စတာဖရန်ကိုကပြောကြားသည်။

အနုပညာရှင်များ အနုပညာဖန်တီးသည့်ရှုဒေါင့်မှမဟုတ်ဘဲ ယင်းရှုဒေါင့်နှင့်ဆန့် ကျင်ကာ သချာင်္ပညာရှင်ကဲ့သို့ ခွဲ
ခြမ်းစိတ်ဖြာကာ ပန်းချီကားများကို မိမိရှုမြင်ခြင်းဖြစ်ကြောင်း မစ္စတာဖရန်ကိုကပြောကြားသည်။

Ref : CNN NEWS

Saturday, January 2, 2010

ကိုရီးယားကင်ချီပြုလုပ်နည်း



သူငယ်ချင်းများအားလုံးမင်္ဂလာပါ....... အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မုန်ညှင်းဖြူထုပ်တွေပေါတယ်လေ။ဒါကြောင့် အရသာရှိလှတဲ့
ကိုရီးယား ကင်ချီပြုလုပ်နည်းကို ရေးသားလိုက်ပါတယ်။

ကင်မ်ချီလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းအဖြူထုပ် (၇) ထုပ်၊ ပန်းသီး (၃) လုံး၊ မုန်လာဥ အဖြူအသေး (၅)လုံး (ဒီမှာက အသေးပဲရတယ်နော်၊ အကြီးဆိုရင်တော့ (၂) လုံးလောက်ဆို ရပြီနော်)၊ မုန်လာဥနီ (၅) တောင့်၊ ကြက်သွန်ဖြူ (၁၅) မွှာ၊ ချင်း (၅) ကျပ်သား၊ ကောက်ညင်းမှုန့် ထမင်းစားဇွန်း (၅) ဇွန်း + ရေ လက်ဘက်ရည် ပန်းကန်လုံး (၂) လုံး ၊ ငရုတ်သီး အပုပွတောင့် (၂၅) တောင့်၊ အရှည်တောင့် (၁၅) တောင့် (မြန်မာမှာက ကိုရီးယားငရုတ်သီးမှုန့်ကို အလွယ်တကူ ၀ယ်ယူရခက်လို့ ငရုတ်သီးတောင့်ကို ကိုယ့်ဘာသာ ကိုယ်ထောင်းပါတယ်နော်)၊ ဆား၊ သကြား၊ အချိုမှုန့်တို့ပါနော်။

(၁) မုန်ညင်းဖြူထုပ်များကို သန့်စင်အောင် ရေနဲ့ဆေးကြောပေးပါနော်။ ပြီးရင် မုန်ညင်းဖတ်တွေကြားထဲကို ဆားဝင်အောင် ပက်ပြီးတော့ မုန်ညင်းထုပ်တွေကို ဇလုံထဲထည့်ပြီး ဆားရည်နဲ့ (၇) နာရီကြာ စိမ်ပေးထားပါနော်။ (လုလုကတော့ ညမအိပ်ခင် မုန်ညင်းတွေကို စိမ်ထားလိုက်ပြီး မနက်ကျတော့မှပဲ ရေဆေးတာ လုပ်ပါတယ်)

(၂) ပြီးရင်တော့ အဲ့ဒီမုန်ညင်းတွေကို ရေနဲ့ ဆေးပြီးတော့ ကြိုးတန်းလေးမှာ စစ်ပေးထားပါ။ (လုလုကတော့ မုန်ညင်းရေစစ်တာကို လေးနာရီလောက် ထားပါတယ်။ မုန်ညင်းတွေ ရေလုံးဝ စစ်သွားရင် ကင်မ်ချီလုပ်တဲ့အခါမှာ အရည်ထွက်တာနည်းပြီးတော့ ရေရှည်လည်း အထားခံပါတယ်)

(၃) မုန်လာဥနီ၊ မုန်လာဥဖြူနဲ့ ပန်းသီးတို့ကို အခွံနွှာ ရေဆေးပြီး အထူ ၁ စင်တီမီတာလောက်၊ အရှည် တစ်လက်မလောက် ထားပြီး လှီးပါတယ်၊ ပြီးရင် ခြောက်နာရီလောက် လေသလပ်ခံထားလိုက်ပါတယ်။

(၄) ငရုတ်သီးအပုတောင့် (အရောင်လှစေဖို့) အရှည်တောင့် (အစပ်အရသာရစေဖို့) နှစ်မျိုးစလုံးကို ကပ်ကျေးနဲ့ ညှပ်ပြီး ရေနွေးပွက်ပွက်ဆူမှာ စိမ်ပါတယ်၊ ပြီးတော့မှ ရေစစ်ပြီးတော့ ကြိတ်စက်နဲ့ အရင်ကြိတ်ပါတယ်၊ ရလာတဲ့ ခွဲခြမ်းဖတ်ကိုမှ ငရုတ်ဆုံမှာ ထည့်ပြီး ထောင်းပြီး သီးသန့်ပုံပေးထားပါ။

(၅) ချင်းနဲ့ ကြက်သွန်ဖြူကို အခွံနွှာထားပါတယ်၊ ပြီးရင်တော့ ကြိတ်စက်လေးနဲ့ ထည့်ကြိတ်လိုက်ပြီး သီးသန့် တစ်ပုံ ပုံပေးထားပါနော်။

(၆) ကောက်ညှင်းမှုန့်ကို ရေနဲ့ ရောဖျော်ပြီး သမအောင် မွှေပါ။ ပြီးရင် မီးဖိုပေါ်မှာ ကျိုပေးပါ။ ကောက်ညှင်းမှုန့် ကျိုနေတဲ့အချိန်မှာ တရစပ် ဖြေးဖြေးချင်း မွှေပေးနေဖို့ မမေ့ပါနဲ့နော်။ နောက်မဟုတ်ရင် ကောက်ညှင်းကျိုတာ အကျက်မညီဘဲ ဖြစ်ရင် ခဲတဲ့နေရာက ခဲ၊ ကျဲတဲ့နေရာက ကျဲဖြစ်သွားမှာ စိုးလို့ပါနော်။ ကျိုတဲ့နေရင်းနဲ့ ကောက်ညှင်းနံ့ သင်းသင်းလေးဖြစ်လာတဲ့အခါ မီးလျှော့ပြီး အကျက်ညီအောင်ကျိုပေးပါ။ ပြီးမှ မီးဖိုပေါ်ကနေ ချလိုက်ပြီး အေးသွားအောင် အအေးခံထားပေးပါနော်။

(၇) အားလုံးအသင့်ဖြစ်တဲ့အခါကျရင် လက်မှာ လက်အိတ်စွပ်ပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို အမှတ်စဉ် (၃) ကနေ (၆) အထိ လုပ်ထားတဲ့ အဆာပလာတွေကိုထည့်ပါ။ ဆား၊ သကြား၊ အချိုမှုန့် ထည့်ပြီး အားလုံး သမအောင် ရောနယ်ပေးပါ။ ပြီးတော့မှ မုန်ညင်းထုပ်တစ်ထုပ်ချင်းစီကိုယူပြီးတော့ မုန်ညင်းဖတ် တစ်လွှာချင်းကို ခွာယူပြီး အနှစ်တွေကို သေချာနှံ့အောင်ထည့်ပေးပါနော်။ တစ်လွှာချင်းစီထည့်ပြီးရင် မုန်ညင်းတစ်ထုပ်လုံးကို အနှစ်တွေနဲ့ သေချာနှံ့အောင်ထုပ်ပြီးတော့ ဗူးသန့်သန့်ထဲကို စီစီရီရီထည့်ပေးပါနော်။ ပြီးတော့မှ လေလုံအောင် ပိတ်ထားပေးပြီး တစ်ရက်ထားပါ။ နောက်တစ်ရက်ကျရင် ကင်မ်ချီဗူးကို ဖွင့်ပြီး မုန်ညင်းထုပ်တွေကို အထက်အောက် လှန်ပေးပါနော်။ ပြီးတော့မှ နောက်တစ်ရက်ထပ်ထားပါ။ အခုလို အေးတဲ့ရာသီမှာ (၃) ရက် လောက်ထား လိုက်ပြီဆိုရင်တော့ အနံ့ရော အရသာပါပြည့်စုံလှတဲ့ ကင်မ်ချီရပါပြီ။ အသားကင်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

အခု လုပ်နည်းလေးမှာ ပန်းသီးနဲ့ မုန်လာဥနီကိုထည့်ထားတဲ့အတွက် အနံ့ရော အရသာပါ ပိုပြီး ကောင်းမွန်စေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး မုန်ညင်းကို အချိန်ယူပြီး ရေစစ်ထားတဲ့အတွက်ရယ်၊ မုန်လာဥဖြူ၊နီ၊ ပန်းသီး စတာတွေကို လေသလပ်ခံပြီးမှ ထည့်တဲ့အတွက် အဲ့ဒီအဖတ်လေးကို စားလိုက်တဲ့အခါမှာ လည်း ကြွတ်ကြွတ်လေးနဲ့ ပိုပြီး စားလို့ကောင်းပါတယ်နော်။ ပြီးတော့ ကျွန်မက ကြက်သွန်မြိတ်ကို တစ်ခါတည်း ထည့်ပြီး မတည်ပါဘူး၊ ဘာလို့လဲဆိုတော့ ကြက်သွန်မြိတ်က နည်းနည်းအနံ့ပြင်းတယ်လို့ ထင်လို့ပါ (ကျွန်မရဲ့စိတ်ကြောင့် ဖြစ်နိုင်ပါတယ်)။ ကင်မ်ချီဗူးကို ကျွန်မက နှစ်ရက်မြောက်တဲ့နေ့မှာ စပြီး ဖောက်ပါတယ်၊ မုန်ညင်းတွေ အထုပ်လိုက်ကို နှပ်ထားတာဖြစ်တဲ့အတွက် စစချင်း စားမယ့်အထုပ်တွေကို ကျွန်မ တစ်လက်မခွဲ အရှည်လောက်ထားပြီး အကွင်းလိုက် လှီးပြီးတော့ လက်တလော စားလို့ရအောင် ဗူးတစ်ခုထဲကို သီးသန့် ခွဲထည့်ထားပါတယ်။ ကျန်တဲ့ မုန်ညင်းထုပ်တွေကိုလည်း တစ်ထုပ်ချင်းကို အကွင်းလိုက် လှီးပြီး မူရင်းဗူးထဲမှာ ပြန်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်တယ်နော်။ အဲ့ဒါဆို ရေရှည်လည်း ထားလို့ရတယ်လေ။ နောက်ထပ် အချဉ်ကိုလည်း ထပ်ပြီး ထိမ်းသွားတာပေါ့နော်။ ရက်ကြာကြာထားတဲ့ ကင်မ်ချီကိုတော့ ကင်မ်ချီ ဟင်းရည် ချက်စားကြတာပေါ့နော်။

နွားနို့ တစ်ခွက်


တစ်ခါက…….. ပစ္စည်းသေးသေး မွှားမွှားလေးတွေကို အိမ်ပေါက်စေ့ လိုက်လံရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ပါတယ်… တစ်နေ့တော့… အဲဒီလို ဈေးလိုက်ရောင်းရင်း ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေပါပြီ…. သူ့လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်.. အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေပမာဏ မဟုတ်တော့ပါဘူး….ဒါကြောင့် အိမ်တစ်အိမ်အိမ်မှာ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်…. သို့သော်လည်း….. သူခေါက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ သူ တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒါနဲ့ဘဲ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေ လို့သာ သူ့နှုတ်က ထွက်သွားခဲ့ပါတယ်……. မိန်းမပျိုလေးက ကြည့်လိုက်တာနဲ့ သူ့ရဲ့ ဆာလောင် မွတ်သိပ်နေမှုကို သိမြင်လိုက်ပါတယ်..

ဒါကြောင့် နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်..ကောင်လေးက ဖြေးညင်းစွာသောက်ရင်းက မေးလိုက်ပါတယ်….

“ ဒီနွားနို့အတွက် ကျွန်တော် ဘယ်လောက်ပေးရပါမလဲ ခင်ဗျာ “

မိန်းကလေးက ပြန်ဖြေပါတယ်…

“ဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး.. ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ အတွက် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက် မခံဖို့ ကျွန်မကို သင်ပေးထားပါတယ် “

“အိုး… ဒီလိုဆိုရင်ဖြင့် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ…. ”

ကောင်လေးက ပြန်ပြောပြီး အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်…

နွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ အင်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက် လာတယ်လို့ သူယုံကြည်လာတယ်.. လောကကြီးမှာ ခုန နွားနို့တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲလှတဲ့ သူ့ဘ၀အနေ အထားကြောင့် ဘ၀ကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်.. ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ……

နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်.. အဲဒီမြို့က ဆရာဝန်တွေလဲ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေတယ်….. နောက်ဆုံးတော့ မြို့ကြီးက ဆေးရုံကြီးတစ်ရုံမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးနဲ့ ကုသဖို့ ခေါ်လာပါတယ်… အဲဒီဆေးရုံက ဆရာဝန်ကြီးဟာ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ ကြားလိုက်ရော.. ထူးဆန်းတဲ့ လင်းလက်မှုလေး တစ်ခု သူ့မျက်လုံးမှာ ပေါ်လာပါတယ်… သူ ရုတ်တရက် အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျှော ၀င်သွားပါတယ်.. ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာ မိန်းကလေးကို သွားကြည့်ပါတယ်.. ချက်ခြင်းဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

သူ့ရဲ့ ဆေးကုသခန်းထဲကို ပြန်ဝင်လာပြီးတော့ သူမအသက်ကို ကယ်ဖို့အတွက် သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်…… အဲဒီနေ့ကစလို့ ဆရာဝန်ကြီးဟာ သူကိုယ်တိုင် အထူးဂရုစိုက်ပြီး အကောင်းဆုံး ကုသမှုကိုပေးပါတယ်.. ရက်ပေါင်း အတော်ကြာတဲ့အခါမှာတော့ ဆရာဝန်ကြီး အနိုင်ရသွားပါပြီ.. လူနာအသက်ကို သူ ကယ်လိုက် နိုင်ပါပြီ…. ဆရာဝန်ကြီးက ဆေးရုံကုသစရိတ် ပေးချေရာဌာနမှာ မိန်းခလေး အတွက် ကျသင့်တဲ့ ဆေးဖိုး ကုန်ကျစရိတ် ဘီလ် စာရွက်ကို သူ့ဆီကို ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်….. ဘီလ် ရောက်လာတဲ့အခါ ဆရာဝန်ကြီးက တစ်ချက် ကြည့်လိုက်ပြီးတော့ ဘီလ်ရဲ့ အောက်ဆုံးမှာ တစ်စုံတစ်ခုကို ရေးချလိုက်ပါတယ်….. ရေးချလိုက်ပြီးတဲ့ အခါမှာတော့ မိန်းခလေးဆီကို ပို့ခိုင်းလိုက်ပါတယ်..

မိန်းခလေးဆီကို ဘီလ်စာရွက် ရောက်လာတဲ့အခါမှာ စာရွက်ကို ဖွင့်ကြည့်ဖို့သူမ ကြောက်ရွံ့နေမိပါတယ်…. သေချာတာ တစ်ခုကတော့ ဒီဆေးကုသစရိတ်ကို သူမကျန်ရှိနေတဲ့ ဘ၀တစ်လျှောက်လုံး ဆပ်ရင်တောင် ကြေနိုင်မယ် မထင်ပါဘူး…. သို့သော်လည်း နောက်ဆုံးတော့ စာရွက်ကို သူမ ဖွင့်ကြည့်လိုက်ပါတယ်.. ဖွင့်လိုက်တဲ့ အခါမှာတော့ စာရွက်အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးက သူမရဲ့အာရုံ တစ်ခုလုံးကို ဖမ်းစားထားလိုက်ပါတယ်….

” ကျသင့်သမျှ ဆေးဖိုးအားလုံး နွားနို့တစ်ခွက်နဲ့ ပေးချေပြီးပါပြီ ”

အောက်မှာတော့ သူမငယ်စဉ်က နွားနို့တစ်ခွက်တိုက်ခဲ့ဖူးတဲ့ ကောင်လေးရဲ့နံမည်ပါ….

ခုချိန်မှာတော့ ဆရာဝန်ကြီး “ဟောဝတ်ကယ်လီ” ပါ….

——————————————————————————————————————————

ဇာတ်လမ်းလေးကို ကြားဖူးပြီးသား ဖတ်ဖူးပြီးသား ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်.. ကျွန်မအနေနဲ့ကတော့ နွားနို့တစ်ခွက်ကြောင့် ဘ၀ကို ဆက်လက် ရင်ဆိုင်ဖို့ အင်အား တွေရရှိသွားတဲ့ ကောင်လေးကို လေးစား မိပါတယ်… တစ်စုံတစ်ယောက်ရဲ့ သေးငယ်တဲ့ အပြုအမူလေးဟာလည်း တစ်ခြားတစ်ယောက်အတွက် မထင်မှတ်တဲ့ အကျိုး ကျေးဇူးတွေ ရရှိသွားတတ်တယ် ဆိုတာ ဒီဇာတ်လမ်းလေးထဲက ရရှိလိုက်တဲ့ သင်ခန်းစာလေး တစ်ခုပါ… ကိုယ်မသိတဲ့လူတစ်ယောက်ကို စေတနာထားတတ်တဲ့ မိန်းခလေးရဲ့ စိတ်ထားလေး ကလည်း အလွန်ဘဲ လှပပါတယ်နော်… နောက်ဆုံးမှာတော့ မထင်မှတ်တဲ့ စေတနာရဲ့ အကျိုးကို ပြန်လည် ခံစားရတာ ဖြစ်ပါတယ် ….. ပြီးတော့လဲ ကျေးဇူးတရားကို သိတတ်တဲ့ ဆရာဝန်ကြီးရဲ့ စိတ်ထားလေး ကလည်း အားကျ အတုယူစရာ ကောင်းလွန်းလှတာမို့ အားလုံးကိုမျှဝေဖို့ http://www.funzug.com/index.php/stories/kindness-pays-well-story.html ဒီနေရာလေးကနေ ဘာသာပြန်လိုက်ပါတယ်........။


ကိုးကားချက် ။ ။ (www.missgreenlady.wordpress.com) မှ ကူးယူဖော်ပြထားပါသည်။

ချစ်စရာကောင်းသော ကိုရီးယားကလေး


ဒီနေ့  Google မှာ အင်တာနက်သုံးရင်း ကလေးဓါတ်ပုံတွေ ရှာကြည့်နေတာ ဒီကလေးလေးပုံကို တွေ မိသွားတယ်။အဲဒီကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့  တော်တော်ချစ်ဖို့ ကောင်းပါတယ်။သူက ကိုရီးယား soul မြို့ မှာနေထိုင်တယ်လို့  သိရတယ်။အရမ်းချစ်ဖို့ ကောင်းတာနဲ့ ပဲ ဘလော့ဂ်မှာတင်လိုက်ရပါတယ်။

Google ၏ လျှို့ ဝှက်ချက်များ

အခုတင်လိုက်တဲ့  ဘလော့ဂ်အကြောင်းအရာကတော့ Google မှာပုံတွေရှာတဲ့ အခါပုံတွေ ရှာတဲ့အခါ မိမိတို့ လိုချင်တဲ့ ပုံကို ပိုမိုရရှိနိုင်ဖို့ သုံးသင့်တဲ့ နည်းလမ်းလေးပါ။ ဥပမာ- ကလေးပုံကို Google မှာ ရှာချင်ရင် baby ဆိုပြီး ရိုက်ရှာကြမှာပါ။ အဲဒီအခါကျရင် ကလေးပုံဟာ မိမိတို့ မလိုချင်တာရော၊ လိုချင်တာတွေပါ များစွာ ပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာက ကလေးပြုံးနေတဲ့ပုံ။ ရှာတွေ့ တာတွေက က မဲ့တာရော၊ ပြုံးတာရော၊ ငိုတာရော အစုံပေါ့။

ကဲ... ကိုယ်လိုချင်တဲ့ ပုံတွေကိုရှာနိုင်ဖို့ အတွက် http://similar-images.googlelabs.com လင့်ခ်ကိုဖွင့်လိုက်ပါ။


အထက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ ပြီးတော့ မိမိ ရှာချင်တဲ့ image name ကို ရိုက်ထည့်ပါ။ ဥပမာ- ရယ်နေသော ကလေးပုံ လိုချင်ရင် laughing baby လို့ ရိုက်။ ပေါ်လာတဲ့ ကလေးပုံထဲက စိတ်ကြိုက်ပုံတွေ့ရင် အဲဒီပုံနဲ့ ဆင်တူတဲ့ ပုံကို ထပ်လိုချင်ရင် ပုံရဲ့အောက်မှာ similar images ဆိုတဲ့ စာတန်းလေး ရှိတယ်။ နှိပ်လိုက်ရုံပါ။ အားလုံး အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။

Our Life Hero (ကျော်သူ)

ဆွဲဆောင်သူ


ဆောင်းနှင်းတွေက ထူပိန်းစွာ
ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။


နေရောင်ခြည်က
လင်းလက်စွာဖြာဆင်းလာပြီ။
အာရုံမှာပေါ်နေတဲ့ 
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာပေါ်နေတဲ့ 
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။

ရေးသားသူ - မောင်စေတနာ

မှတ်ချက် ။ ။ ( ကဗျာမှာပါတဲ့ စာသားလေးကိုကြိုက်လွန်းလို့  ဖော်ပြလိုက်ပါတယ်။)